Theravada Buddhist Youth Organization
ကိုယ်ချင်းစာစိတ် E-mail
ဓမ္မစာပေများ

လောကကြီးမှာ ဘယ်သူမဆို ချမ်းသာချင်ကြတာပဲ။ သူများဆင်းရဲ ဒုက္ခရောက်မှ ကိုယ်ချမ်းသာရတာမျိုးတော့ မဖြစ်စေနဲ့။ မလုပ်အပ်ဘူး။ သူများဆင်းရဲအောင် မလုပ်ကြနဲ့။ အနစ်နာခံစ ရာ ရှိရင် ကိုယ်သာခံ။ ဒါလူ့သီလပဲ။

အရှင်ဇနကာဘိဝံသ

သတ္တ၀ါဆိုတာ ဘ၀ကို စတင်ဖြစ်တည်လာရာမှာ ဘ၀နိကန္တိတ လောဘဇော ဆိုတဲ့ အလိုဆန္ဒနဲ့ စခဲ့ကြတာဖြစ်လို့ ပထမဆုံးတော့ ကိုယ့်အလို ဆန္ဒတွေ ပြည့်ချင်တယ်။ လိုတာတွေ ရဖို့ အလိုကျတာတွေ ဖြစ်လာဖို့ တောင့်တကြတယ်။ ဆန္ဒမပြည့်တာတွေ၊ အလိုကျတာတွေ မဖြစ်လာဘူးဆိုရင် အလိုမကျတဲ့ ဒေါသဆိုတာ ဖြစ်လာကြတယ်။ အဲဒီမှာ ကိုယ့်အလိုကျ မဖြစ်တာဟာ တစ်စုံတယောက်က ဖြစ်စေ၊ တစ်စုံတစ်ရာကဖြစ်စေ အနှောင့်အယှက် အဟန့်အတားဖြစ် တယ်လို့ ယူဆရင် အဲဒီတစ်စုံ တစ်ယောက်ကို နာကျင်အောင်၊ သေကျေအောင်၊ ရိုက်ပုတ် သတ်ဖြတ်ချင်တဲ့ စိတ်ဆိုး စိတ်ရိုင်း အကြံအစည်တွေ ဖြစ်ပေါ်လာပါတယ်။

ကိုယ့်အလို ဆန္ဒကို နှောက်ယှက်ရင်၊ ကိုယ့်အလိုဆန္ဒနဲ့ ဆန့်ကျင်ရင် ရန်သူလို့ သတ်မှတ်ပြီး ခွန်အားတို့၊ လက်နက်တို့နဲ့ အနိုင်ယူပစ်မယ်ဆိုတဲ့ စိတ်ထားဟာ အနိမ့်ဆုံးဖြစ်တဲ့ တိရစ္ဆာန်များမှာလည်း ရှိတာပါပဲ။ အစွယ်ရှိတဲ့ သတ္တ၀ါက အစွယ်အားကိုး၊ ဦးချိုရှိတဲ့ သတ္တ၀ါက ဦးချိုအားကိုနဲ့ ပြဿနာကို ဖြေရှင်းကြတာမျိုးပေါ့။ ဒလိုကာယခွန်အားနဲ့ ပြဿနာကို ဖြေရှင်းကြတာဟာ တစ်ခဏလောက် ကျေနပ်စရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ရေရှည် ဘေရန်ကင်းကြောင်း မဖြစ်ဘူး။ ဒေါသ ကိလေသာတွေ များသည်ထက်များပြီး ရန်ငြိုးအာဃာတတွေ တိုးစေတယ်။ သံသရာခရီး တစ်လျှောက်မှာလည်း ဒုက္ခတွင်းနက်ပြီး သံသရာ ခရီးရှည်စေတယ်။ ဒါကြောင့် အက္ကောဓေန ဇိနေကောဓံ= အမျက်ဒေါသ ရန်ငြိုး အာဃာတကင်း တဲ့ မေတ္တာစိတ်နဲ့ အမျက်ဒေါသ ရန်ငြိုးအာဃာတကြီးသူကို အောင်နိုင်ရမယ် လို့ ဘုရားရှင်က ဟောတော်မူခဲ့တာပါ။

ဘုရားရှင်ရဲ့ တပည့်သားများ အနေနဲ့ ဘုရားရှင်ဟောညွှန် ဆုံးမတော်မူတဲ့ အတိုင်းပဲ နိုင်ထက်စီးနင်း ပြုမူလိုတဲ့ အကြံအစည်တွေကို သည်းခံခွင့်လွှတ်စိတ်၊ ကိုယ်ချင်းစာစိတ်များနဲ့ အစားထိုး မွေးမြူလိုက်ပါ။ ကိုယ်နှင့်လည်းစာ၊ သတ္တ၀ါကို၊ ကြင်နာလှစေ၊ သူ့အသက်ကို ချစ်ပါလေ ဆိုတဲ့ အရှင်မဟာရဋ္ဌသာရရဲ့ ဆုံးမစကား အတိုင်းပါပဲ။ ကိုယ်ချင်းစာ တယ်ဆိုရာမှာလည်း သူ့နေရာကို ကိုယ်က အစားထိုးပြီး ၀င်ရောက်ခံစားတဲ့ သဘောပါပဲ။ ငါသာ သူ့နေရာမှာ ဆိုရင် ဘယ်လိုများ ခံစားရပါ့မလဲ ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးတွေ ရှိအောင် ကြိုးစားကြစေချင်တာပါ။ ကိုယ်ချင်းစာမှ တရားမျှမယ်၊ တရားမျှမှ တရားရှိမယ် ဆိုတာ မမေ့သင့်ပါဘူး။

ကိုယ်ချင်းစာ စိတ်ကောင်းကလေး တကယ်တမ်း မွေးမြူနိုင်လာပြီဆိုရင် လောကမှာ ကိုယ်တိုင်ကြုံတွေ့ ခံစားရဖူးတဲ့ နားမချမ်းသာစရာ စကားမျိုးတွေ၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်စရာ အပြုအမူမျိုးတွေနဲ့ ကိုယ်က သူများအပေါ် ဘယ်တော့ မှ မပြောဆို မပြုမူမိတော့မှာ သေချာပါတယ်။ အဲဒီလို ရှောင်ကြဉ်ကျင့်သုံး နေထိုင်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ မတရားမှု ကင်းသူ ဖြစ်ပါတယ်။ သဗ္ဗပါပဿ အကရဏံ = မကောင်းမှု (မတရားမှု) ကို လုံးဝမပြုရဆိုတဲ့ ဘုရားရှင်တို့ရဲ့ အခြေခံ နံပါတ်တစ် အဆုံးအမနဲ့အညီ နေထိုင်နိုင်ခြင်းဖြစ်လို့ သိက္ခာသုံးပါးနဲ့ ပြောမယ်ဆိုရင် အခြေခံ သီလသိက္ခာ လုံခြုံ ပြည့်စုံ တယ်လို့ ဆိုရမှာပါ။

လောကမှာ တရားမျှတတယ်ဆိုတာကို ကောင်းစွာ သဘောမပေါက်ကြပေမယ့် မတရားဘူး၊ မမျှတဘူး ဆိုတာကိုတော့ လူတိုင်းလိုလို ကိုယ်တွေ့ကြုံဆုံ ခံစားသိကြဖူးမှာပါ။ တစ်ယောက်ယောက်က မိမိအပေါ် ကျိုးမဲ့ပြစ်ရဖြစ်အောင်၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်အောင် ဆဲရေးတိုင်းထွာ ပြောဆိုတာကို ကြားရတဲ့အခါ၊ အလိမ်အညာခံရတဲ့ အခါ၊ ချောပစ်ကုန်းတိုက်စကား ပြောဆိုခံရတဲ့ အခါမျိုးတွေမှာ ဒါဟာ သပ်သပ် မတရားပြောတာပဲ၊ မမျှမတ မမှန်မကန် ပြောတာပဲ ဆိုပြီး ကိုယ်တိုင် ခံစားဖူးကြမှာပါ။ ဒီလို ပြောဆိုခံရတာကို ကိုယ်တိုင်က မတရားဘူးလို့ ခံယူထားတဲ့ အပြောအဆိုမျိုးတွေ၊ ကိုယ်က သူများအပေါ် မပြောမဆိုမိအောင် ရှောင်ကြဉ် ကျင့်သုံးနေထိုင်တာကို မတရားမှုကင်း အောင် နေထိုင်တယ်လို့ ဆိုရတာပါပဲ။

အချင်းချင်းပြောဆိုပြုမူ ဆက်ဆံကြတဲ့အခါ ဒီလို အပြုအမူမျိုးနဲ့ တွေ့ကြုံရတာ ကိုယ်ရောစိတ်ပါ ချမ်းသာလိုက်လေ။ ဒါဟာ ကောင်းမွန်မှန်ကန်တဲ့ အပြောအဆို အပြုအမူမျိုးပဲ ဆိုပြီး ကိုယ်တိုင် ခံစားဖူးကြပါလိမ့်မယ်။ အဲဒီလို ကိုယ်တိုင်က တရားမျှတတယ်လို့ ခံစားရပြီး ကိုယ်တိုင်လိုလား တောင့်တတဲ့ အပြောအဆို၊ အပြုအမူတွေနဲ့ သူတစ်ပါးအပေါ် ပြောဆိုပြုမူ မယ် ဆိုတဲ့ စိတ်ကောင်းလေးတွေ မွေးမြူကြပါ။ တောရဆရာတော်ကြီး ကတော့ ကိုယ်မလိုချင်တာ သူများကို လုံးဝ မပေးပါနှင့်။ ကိုယ်လိုချင်တာ သူများကို အကုန်ပေးပါ။ ကိုယ်ပေးထားတဲ့ အတိုင်း ကိုယ်ပြန်ရလိမ့်မယ် လို့ မိန့်ကြားတော် မူပါတယ်။ ကိုယ်တိုင် မကြိုက် မနှစ်သက်တဲ့ အပြောအဆို အပြုအမူတွေကို သူတပါးကို လုံးဝ မပေးဖို့၊ ကိုယ်တိုင် ကြိုက်နှစ်သက်တဲ့ အတိုင်း သူတပါးကိုလည်း ပေးဝေဖို့၊ ကိုယ်ပေးတဲ့ အတိုင်းပဲ ကိုယ်တိုင်ပြန်လည် ခံစားကြရလိမ့်မယ် ဆိုတဲ့ သဘောပါပဲ။

ဗုဒ္ဓမြတ်စွာ အလိုတော်အရ သတ္တ၀ါတိုင်းမှာ တူညီတဲ့ အခြေခံ အခွင့်အရေး နှစ်ခုစီ ရှိကြပါတယ်။ ပြုလုပ်ပိုင်ခွင့်နဲ့ ခံစားခွင့် (ကံနဲ့ကံ၏ အကျိုး) ဖြစ်ပါတယ်။ ပြုလုပ်ပိုင်ခွင့်ကို ဆိုးဆိုးဝါးဝါး အသုံးချသူဟာ ခံစားခွင့်ကိုလည်း ဆိုးဆိုးဝါးဝါး ခံယူရမယ်။ ဒါဟာ ကမ္မသကတ လမ်းစဉ်မှန်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သူတပါးရဲ့ အပြစ်ကိုသာ မကြည့်ပဲ ကောင်းကွက်လေးတွေ ရှာပြီး ကိုယ်ချင်းစာစိတ်လေးတွေနဲ့သာ နေထိုင်ကြမယ်ဆိုရင် လောကကြီးလည်း အေးချမ်းရသလို ကိုယ်ရဲ့ သံသရာခရီး အတွက်လည်း ချမ်းသာရမှာပါ။ ဒါ့ထက်ပိုလို့ ဘယ်နေရာ ကြည့်ကြည့် မေတ္တာမျက်ဝန်းလေးတွေနဲ့သာ ကြည့်တတ်ကြပြီး မေတ္တာပုံရိပ်ကို မြင်နိုင်တဲ့ သူတွေ ဖြစ်ကြရင် ကမ္ဘာလောကကြီး ဘယ်လောက်များ သာယာလိုက်မလဲလေ။

ကိုယ်ချင်းစာ ကြင်နာတတ်တဲ့ သူတွေ ဖြစ်ကြပါစေ…

အောင်ဦး(ဓမ္မရသ)

+/-
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please input the anti-spam code that you can read in the image.
+/- Comments
Add New Search

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."