Theravada Buddhist Youth Organization
စိတ်ကောင်းရှိဖို့ ပထမ E-mail
ဓမ္မစာပေများ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

အခြေခံပညာစာသင်ကျောင်းတိုင်းတွင် ကျောင်းဝန်းအတွင်း၌ ရေးသားထားသည့် “စိတ် ဓာတ်၊ စည်းကမ်း၊ ပညာ”ဟူသော ဆောင်ပုဒ်ကို ငယ်စဉ်အခါကပင် ဖတ်မှတ်ခဲ့ကြရပါသည်။ စာတိုသလောက် အဓိပ္ပါယ်က လေးနက်လှ၏။ ကျယ်ဝန်းနက်ရှိုင်းလှ၏။ အစဉ်အမြဲ အလေးအနက်ထားကာ လိုက်နာကျင့်ကြံသင့်လှ၏။ စိတ်ထားကောင်းလေး ထားရှိရန် အရေးအကြီးဆုံးအဖြစ် ထိပ်ဆုံးက ဖော်ပြထားသည်ပင်။ ဆောင်ရွက်လုပ်ကိုင်သမျှတို့တွင် “စိတ်ကောင်းရှိဖို့ ပထမ”ထားရှိရန် အရေးကြီးပေသည်။

စိတ်ကောင်းလေးရှိပြီဆိုမှ စည်းကမ်းကိုလည်း စနစ်တကျလိုက်နာချင်မည်။ ပညာကိုလည်း ကြိုးစားရှာဖွေချင်မည်။ ဆရာသမားတို့က “စည်းကမ်းနဲ့နေကြ၊ ပညာတွေ ကြိုးစားရှာကြ” ဟူသော ဆုံးမသွန်သင်ပေးမှုကို နာခံလိုက်နာချင်မည်။ ကုသိုလ်တရားတို့လည်း အစဉ်အမြဲ တိုးပွါးမည်ဖြစ်၏။ ကျေးဇူးတော်ရှင် တိပိဋကဓရ ယောဆရာတော်ဘုရားကြီးက ဆုံးမစကား မြွက်ကြားတော်မူဖူးပါသည်။ “ကုသိုလ်ရဖို့ အချိန်ကိုလည်း မတောင်း၊ ငွေကိုလည်း မတောင်း၊ စိတ်ကောင်းကိုသာ တောင်းပါသည်” ဆိုသည့်အတိုင်း ကုသိုလ်တရားတွေ တိုးပွါးရန်အတွက် အချိန်ကိုလည်း စောင့်နေရန် မလို၊ ငွေ လက်ထဲရှိနေရန်လည်း မလိုပါပေ။ မိမိသန္တာန်၌ အမြဲတမ်း စိတ်ကောင်းလေးထားကာ ပြုမူဆက်ဆံနေထိုင် ကျင့်ကြံနေခြင်းဖြင့် အချိန်တိုင်း ကုသိုလ်တွေ တိုးပွါးနေမည်ဖြစ်၏။
စိတ်ကောင်းပျောက်၍ စိတ်ဆိုးစိတ်ညစ်များ ၀င်လာပြီဆိုလျှင်ဖြင့် ကုသိုလ်တရားတို့ ဝေးကွာ၊ အကုသိုလ်တရားတို့သာ အစဉ်တောက်လျှောက် ဖြစ်ပွါးတော့၏။ အရာရာ အဆိုးမြင်ဝါဒဖြင့် ကြည့်မြင်သုံးသပ်တတ်၏။ “စည်းကမ်းဆိုတာ အလကား၊ လွတ်လွတ်လပ်လပ် နေခွင့် မရအောင် ထုတ်ပြန်ထားတာတွေပါ။ ပညာဆိုတာလည်း တတ်ဖို့လည်းမလိုဘူး၊ သိဖို့လည်း မလိုဘူး၊ လောကမှာ ငွေရှိလျှင် အရာရာပြည့်စုံတယ်၊ ကိုယ်လိုချင်တာ အလွယ်တကူရတယ်၊ ငွေရှိဖို့သာ အဓိက အကျဆုံး”ဟူ၍ မြင်လာတတ်၏။ ထိုသို့ အဓိကနှင့် သာမည မခွဲခြားတတ် သမျှ မောဟမျက်နှာဖုံး အသက်ဆုံးတိုင် မခွါနိုင် ဖြစ်တော့မည်။

စိတ်ကောင်းမရှိသည့်အချိန်၌ ဆုံသမျှအာရုံ၊ ကြုံသမျှလောကဓံတို့ကို အဆိုးဖြင့်မြင်သည့် အတွက် “သည်းခံလျှင် နိဗ္ဗာန်”ဟူသော ရှေးမြန်မာပညာရှိတို့၏ ဆုံးမစကားအတိုင်း လိုက်နာကျင့်ကြံရမည့် သည်းခံခြင်းတရားတွေ ကင်းပျောက်၊ ဒေါသမီးတွေသာ တဟုန်းဟုန်း တောက်လောင်ပါတော့၏။ အာရုံတရားတို့ကို စိတ်ကောင်းလေးဖြင့် သည်းခံနိုင်ရန် ကျေးဇူးရှင် ဓမ္မဒူတအရှင်ဆေကိန္ဒ၏ သတိပေးဆုံးမစကားမှာ “စိတ်ကလေး နောက်ကျိနေတော့ အာရုံတွေကို ရှုပ်ရှုပ်ပွေပွေ မြင်တွေ့ရတယ်၊ စိတ်ကလေး ကြည်လင်နေတော့ အာရုံတွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရတယ်”ဟူ၍ဖြစ်၏။ ထို့ကြောင့် သဘောတရားအမှန်ကို မြင်နိုင်ဖို့ စိတ်ကလေး အမြဲကောင်းမွန်နေအောင် ထားရှိရမည်ဖြစ်၏။
 
ဘာပဲလုပ်လုပ် စေတနာကောင်းလေး ထည့်လုပ်၊ ဘာပဲရောင်းရောင်း စေတနာကောင်းလေး ထည့်ရောင်း” ဆိုသည့်အတိုင်း မိမိလုပ်သည့်အလုပ်၌ စေတနာကောင်းလေး၊ စိတ်ကောင်းလေးဖြင့် လုပ်တတ်မှသာ ကောာင်းကျိုးတရား ဖြစ်ပါမည်။ စိတ်ဆိုး စေတနာဆိုး ဖြင့် ဦးတည်ပြီး ဟန်ဆောင်ကောင်းကာ မည်မျှကြီးမားသည့်အလုပ်ပင် ကြိုးစားအားထုတ် သည်ဖြစ်စေ “ဓမ္မတို့၌ စိတ်သာလျှင် ရှေ့သွားရှိကုန်၏။ စိတ်သာလျှင် အထည်ကိုယ် ရှိကုန်၏။ စိတ်သာလျှင် အကြီးအမှူး ရှိကုန်၏။ မကောင်းသောစိတ်ဖြင့် ပြောဆိုပြုလုပ်မိပါက လှည်းဘီးသည် နွား၏နောက်သို့ အစဉ်တစိုက်လိုက်နေသကဲ့သို့ ဒုက္ခသည် ထိုပုဂ္ဂိုလ်သို့ အစဉ်တစိုက် လိုက်နေလေ၏” ဆိုသော ဓမ္မပဒပါဠိတော် အဆုံးအမအတိုင်း ဆိုးကျိုးတရား တို့သာ မကောင်းသောစိတ်ဖြင့်လုပ်သူနောက်သို့ ရောက်ရှိဖြစ်ပွါးနေမည်ဖြစ်သည်။ စိတ်ကောင်းဖြင့်လုပ်မှသာ ချမ်းသာခြင်းတရား အစဉ်တိုးပွါးကာ ဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံးပန်းတိုင်ဖြစ်သော နိဗ္ဗာန်ချမ်းသာကြီးကို မလွဲဧကန် အမှန်သိမြင် ခံစားရမည်ဖြစ်၏။

သူတော်ကောင်းတို့ ထားရှိသည့်စိတ်မျိုးလေး မွေးမြူရ၏။ “သူက ကောင်းကောင်း မကောင်းကောင်း၊ ကိုယ်ကကောင်းအောင် နေရမည်။ သူကတော်တော် မတော်တော် ကိုယ်က တော်အောင် နေရမည်။” ဖြစ်သည်။ ကိုယ်က မည်မျှသဘောထားပြည့်ဝကာ စိတ်ကောင်းထားနေသော်လည်း တစ်ဖက်က ဆိုးနေသည်ကိုလည်း ကြုံတွေ့ရတတ်၏။ “ဂျင်းစိမ်းနဲ့ မိဿလင်၊ သူကြင်မှကိုယ်ကြင်” ဆိုသလို အချင်းချင်း ရန်ထောင်နေလျှင် ရန်မီးတို့မငြိမ်းအေးဘဲ အပူမီးသာ ထပ်ဆင့်ဆူပွက်တော့မည်။ လုပ်ခဲ့သမျှ အကြောင်းတရား တွေကြောင့် အကျိုးပေးဒုက္ခသစ္စာတရားတွေသာ မလိုချင်၍မရ၊ မရပ်မနား တရစပ် အထပ်ထပ် လာနေမည်ဖြစ်၏။ ထိုသို့ ကြုံတွေ့ရသမျှသော လောကဓံတရားတို့၏ သဘောသည် လိုချင်သည့်အရာတွေက မရ, မလိုချင်သည့် အရာတွေသာ ရနေတတ်သည့် အလိုသို့မလိုက်ဘဲ သူ့သဘောသူ ဆောင်နေခြင်းကို စိတ်ဆိုးစိတ်ညစ်တို့ဖြင့် မတုန့်ပြန် မိစေရာ။ ထိုသို့တုန့်ပြန်လိုက်ခြင်းသည် “မီးလောင်ရာလေပင့်” သလို ဒုက္ခတွေထပ်တိုးဖို့သာ ရှိလိမ့်မည်။

ဘ၀ရှိလျှင် ဒုက္ခရှိမည်။ ဘ၀ရပ်လျှင် ဒုက္ခရပ်မည်။ ဘ၀နှင့်ဒုက္ခကား တစ်သားတည်းသာ ဖြစ်သည့်အတွက် ခွဲခြားလို့မရ၊ ယှဉ်တွဲလို့သာ ရှိနေမည်ဖြစ်သည်။ ထိုသို့ ယှဉ်တွဲနေသော သဘောကို စိတ်ထားကောင်းကောင်းဖြင့်သာ အေးချမ်းစေရာ၏။ “ယခင်မကောင်းခဲ့လို့ ယခုမကောင်း၊ ယခု ထပ်မကောင်းလျှင် နောင် သည့်ထက်ဆိုးမည်သာ” ဖြစ်သောကြောင့် ဖြစ်သမျှအကြောင်း မကောင်းကောင်းအောင် ကျင့်ကြံရတော့မည်ဖြစ်သည်။ ယခင်က မည်သို့ မကောင်းခဲ့သနည်း။ သစ္စာတရားတွေမသိခဲ့လို့ ဘ၀ပင်လယ်ကြောမှာ မျောရင်း ယခုလည်း ဘ၀ဆိုသည့် အကျိုးပေးဒုက္ခသစ္စာ ခန္ဓာကြီးက ဘွားခနဲ ပေါ်လာခဲ့ချေပြီ။ အကြောင်းတွေ မကောင်းခဲ့လို့ ရရှိသောအကျိုးတရားတွေ မကောင်းသည်ကို မကျေနပ်လို့ စိတ်ထားတွေ ဆိုးနေပါလျှင် စိတ်ဆိုးနေသည့် ယခုအကြောင်း ထောင်သောင်းမကသည့် အနာဂတ်၌ ဆိုးကျိုးတွေကို အကြောင်းအကျိုးသဘောကိုချင့်၍ လှန်းမျှော်၍ ကြည့်ရှုသင့်လှပေသည်။

ယခင်ကောင်းလို့ ယခု ကောင်းပါသည်၊ ယခုကောင်း နောင် ကောင်းပါလိမ့်မည်။”ဆိုသည့် ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏ အဆုံးအမအတိုင်း စိတ်ကောင်းလေး စဉ်ဆက် မွေးသွားပါလျှင် ကြံစည်သမျှ၊ ပြောဆိုသမျှ၊ လုပ်ဆောင်သမျှ ကိစ္စအ၀၀တို့လည်း စဉ်ဆက် ကောင်းမွန်ပြီး အကောင်းတကာ့ အကောင်းဆုံး ဒုက္ခဆုံးသည့် နိဗ္ဗာန်ချမ်းသာကြီးကို အမြန်ဆုံး ရရှိနိုင်မည်ဖြစ်သည်။ ပြည်တန်သော ပတ္တမြားကြီးကို ဖွဲတစ်ဆုတ်ခန့်သော အရာဖြင့် ၀ယ်ယူ၍ မရနိုင်သလို အချမ်းသာဆုံးနိဗ္ဗာန်ကြီးကိုလည်း ဘုရားသွား၊ ကျောင်းတက် ခဏတဖြုတ်သောစိတ်ကောင်းထားနိုင်ရုံမျှဖြင့် အမြန်ဆုံးရနိုင်မည်မဟုတ်ပေ။ နေ့စဉ်မပြတ် ဆိုသည်ထက် နေစဉ်မပြတ် အချိန်တိုင်းမှာ စိတ်ကောင်းထားပြီး ဟန်ဆောင်မှုတွေကင်း သစ္စာအလင်း အမြန်ဆုံးပွင့်နိုင်အောင် ကျင့်ကြံကြိုစား ပွါးများအားထုတ်ကြပါကုန်။

စာရှုသူ ဓမ္မမိတ်ဆွေအားလုံး ချမ်းသာသုခ ပြည့်ဝကြပါစေ။ လုပ်ဆောင်သမျှ ကိစ္စအ၀၀တို့တွင် “စိတ်ကောင်းရှိဖို့ ပထမ”ထားပြီး နှလုံးသွင်းဆောင်ရွက်နိုင်ကြပါစေ။ (ဣဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု)။
ဓမ္မမိတ်ဆွေ သူတော်စင်များအားလုံး၊ သတ္တ၀ါအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

+/-
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please input the anti-spam code that you can read in the image.
+/- Comments
Add New Search
ဝင်းသူ   |80.250.160.xxx |2010-06-19 05:37:09
သာဓု၊ သာဓု၊ သာဓု။
nyeinaye  - ကျေးဇူးတင်ပါသည်   |203.81.72.xxx |2010-08-18 17:06:43
အခုလို တင်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ နောက်လည်း တင်ပေးပါအုံး

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."