| သုခတို့၏အရင်းအမြစ် (၂၄ ကြိမ်မြောက်လစဉ်အလှူတော်) |
|
| ဓမ္မစာပေများ | ||||||||||||||||||||||||||||||||||||||
|
တစ်ယာကွမ်းဆေး၊ ရေးအေးတစ်ခွက်၊ ဆီတစ်စက်နှင့် လ္ဘက်တစ်ရိုး၊ ကြံတစ်ချိုးမျှ၊ မြတ်နိုးကြည်ဖြူ၊ ဒါနဟူသည်၊ အလှူကောင်းမူ၊ ရရာပြုလော့။ မဃဒေ၀လင်္ကာ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအနေနှင့် ဒါနတရားကို တတ်နိုင်သလောက် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ပေးကမ်းစွန့်ကြဲခြင်းအမူကို ပြုကြပေသည်။ ဒါနကို ဘာကြောင့်ပြုရ သလဲ ပြုထိုက်သလဲ ဆိုရင် မြတ်စွာဘုရားရှင်သည် သတ္တ၀ါအားလုံးအတွက် ကြီးပွားချမ်းသာကြောင်းဖြစ်တဲ့ မဂ်လသုတ်တရားတော်မှာ ဒါနနှင့် ပက်သက်၍ ဒါနဉ္စ ဥတ္တမံ မင်္ဂလံ ဟု ဟောထားပေသည်။ ဒါနဉ္စ- သံသရာခရီးလမ်းမပင်ပန်းပဲ ရွှင်လန်းကြည်သာ လျှောက်ဖို့ရန်နှင့် သံသရာလွတ်လမ်းရည်မျှော်မှန်း၍ လှူဒါန်းရခြင်းသည် ဥတ္တမံ- ချမ်းသာဆောင်တတ် လွန်ထူးမြတ်သည့် မင်္ဂလံ- ကြီးပွားချမ်းသာကြောင်း မင်္ဂလာတရားတော်ဖြစ် ပေသည်။ ထို့ကြောင့် ဒါနပြုရခြင်းသည် ကြီးပွားချမ်းသာခြင်း၏ အကြောင်းဖြစ်သည်မှာ အထင်အရှားရှိပေသည်။ ထိုသို့ကြီးပွားချမ်းသာရာတွင် သံသရာလမ်းတွင်သော်လည်ကောင်း၊ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရာအတွက် ကြီးမားသော အထောက်အပံ့ဖြစ်ပေသည်။ မြတ်စွာဘုရားရှင် အလောင်းတော်ဘ၀တုန်းက ပါရမီ(၁၀)ပါးအနေနှင့် ဒါနပါရမီကို ဦးစွာဖြည့်ဆည်းတော်မူပေသည်။ ဒါနပါရမီစတင်ဖြည့်သောကြောင့် ဘ၀တိုင်းတွင် စည်းစိမ်ဥစ္စာ နှင့်ပြည့်စုံ၍ အခြားသော ပါရမီတွေကိုလဲ ဖြည့်ဆည်းတော်မူ ပေသည်။ ဘ၀တိုင်းတွင် စည်းစိမ်ဥစ္စာမပြည့်စုံပါက အခြားသော ပါရမီများကို ဖြည့်ဆည်းဖို့ရန်မှာ ခက်ခဲပေသည်။ ထို့ကြောင့် ဒါနတရားသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်သလို စည်းစိမ်ဥစ္စာတို့ ရခြင်း၏ အရင်းအမြစ်လဲဖြစ်ပေသည်။ ထို့အပြင် နောင်တမလွန်ဘ၀တွင်လည်း ဒါနနှင့်တူသော မှီခိုအားကိုးရသည် မရှိပေ။ ဒါနအမှီရှိသောကြောင့် ကုသိုလ်အားလုံး ဖြည့်ဆည်းနိုင်သလို စည်းစိမ်ဥစ္စာများစွာကိုလဲ ခံစားနိုင်ပေသည်။ သုံးလောကထွဋ်ထား မြတ်စွာဘုရားရှင်သည် ဒါနသုတ်တရားတော် (ဣတိဝုတ်)မှာ ဤသို ဟောကြားထားကြောင်း တည်တော်ဆရာတော်ဘုရားကြီး၏ ဒါနဟူသည် စာအုပ်တွင် ဤသို့မှတ်သားရပါသည်။ “ဧ၀ဉ္စေ ဘိက္ခဝေ ဇာနေယျံ၊ ဒါနံသံဝိဘာဂဿ ၀ိပါကံ ယထာဟံ ဇာနာမိ၊ န ဒတွာ ဘုဉ္စေယျံ၊ န စ နေသံ မစ္ဆေရမလံ စိတ္တံ ပရိယာဒါယ တိဌေယျ” လို့ဟောကြားထားပေသည်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက“ရဟန်းတို့….. ပေးကမ်းစွန့်ကြဲခြင်းရဲ့ စေတနာရဲ့အကျိုးကို ငါသိသလို သတ္တ၀ါများ သိကြမည်ဆိုလျှင် ကိုယ်စားမည့် ၀တ္တုထဲက သူတစ်ပါးကို မပေးကမ်းပဲ ဘာကိုမျှ စားနိုင်မည်မဟုတ်ဘူး။ ကိုယ့်ပစ္စည်းကို မပေးရက်တဲ့မစ္ဆေရိစိတ်ဟာလည်း သတ္တ၀ါတွေကိုနှိပ်စက်နိုင်မှာ မဟုတ်ဘူးလို့” ဒါနတရား၏ အကျိုးကျေးဇူးကြီးမားပုံကို ဟောကြားထားပေသည်။ မိမိတို့အနေနှင့် ဒါနပြုသောအခါ ဒါနပြုခြင်းအားဖြင့် အကျိုးကျေးဇူးနှစ်ပါးလည်း တစ်ပြိုင်တည်းရရှိပေသည်။ ဒါနပြုခြင်းကြောင့် မိမိတို့ရင်ထဲတွင်ရှိသော တစ်ကိုယ်ကောင်းဆန်သည့် အတ္တစိတ်ကို ချုပ်တည်းပယ်သတ်ရာရောက်ပြီး၊ အများအကျိုးကို လိုလားသည့် ပရဟိတ စိတ်ဓါတ်ပါ တစ်ပြိုင်တည်းရရှိပေသည်။ ဒါနပြုခြင်းအားဖြင့် မိမိတို့ရဲ့စိတ်အစဉ်တွင် ငြိကပ်တွယ်ငြိနေသော လိုချင်တပ်မက်မူ(လောဘ)ကို ဖယ်ရှားစွန့်လွှတ်ခြင်းလဲဖြစ်ပေသည်။ ဒါနပြုခြင်းကြောင့် မိမိတို့အနေနှင့် ၀မ်းသာပီတိခံစားရသလို၊ အခြားတစ်ဖက် အလှူခံပုဂ္ဂိုလ်အနေနှင့်လည်း ချမ်းသာသုခ ခံစားရပေသည်။ ထိုသို့ ပြုလုပ်ရခြင်းကြောင့် မိမိတွင်လည်း ၀မ်းမြောက်ဝမ်းသာခြင်းအမူကို ဆက်လက်ရရှိပေသည်။ ဒါနပြုခြင်းအားဖြင့် ယခုပစ္စပ္ပုန်မျက်မှောက်ကာလာတွင်ပင် ချမ်းသာသုခများ ဆင့်ပွား ဆင့်ပွား၍လာသည်မှာ သိသာထင်ရှာပေးသည်။ ထိုကြောင့် ဒါနတရား၏ အကျိုးကျေးဇူးသတ္တိကား လွန်စွာမှပင် အကျိုးများလှပေသည်။ တစ်နည်းအားဖြင့် ဒါနဟူသည် လိုချင်တပ်မက်သော (လောဘ)ကို ပယ်သတ်ပြီး လိုချင်တပ်မက်မူကင်းခြင်း တစ်ကိုယ်ကောင်းဆန်မူကင်းခြင်း(အလောဘ)ဟူသော ကောင်းမူ၏ အရင်းအမြစ်ကို ဖြစ်ပွားစေသည်။ မကောင်းမူ၏ အရင်းအမြစ်ဖြစ်သော လောဘ၏ သဘောကို အနည်းငယ်ဖွင့်ဆိုပြချင်ပါသည်။ လောဘ၏ သဘောသည် လူသော်လည်းကောင်း တိရစ္ဆာန်တွင်သော်လည်းကောင်း သဘောတရားအတူတူပင်ဖြစ်ပေသည်။ လောဘသည် အာရုံနဲ့ခံစားလိုမူ၊ ဓနဥစ္စာနဲ့ ရားထူးဌာနန္ဆရစတဲံ့ လိုချင်တပ်မက်မူတွေ ဖြစ်ပေသည်။ လောဘရဲ့သဘောတရားဟာရေဆာသလို အလွန်ဆာလောင်မွတ်သိပ်နေတဲ့သဘောတရားရှိပါသည်။ လောဘနဲ့ပက်သက်၍ ပါရှင်းစာရေးဆရာတစ်ဦး က သူတောင်စားတစ်ယောက်ကို ငွေအကြွေအနည်းငယ်ပေးလိုက်လျှင် ကျေနပ်ရောင့်ရဲလိမ့်မည်။ ဖာရိဒွန်(Faridum) ဘုရင်အဖို့မူ ပါရှင်းနိုင်ငံကြီးကို စိုးစံနေရသည့်တိုင်အောင် သူ၏တပ်မက်မူ ထက်ဝက်မျှသာ ကျေနပ်မူရပါသေးသည်“ ဟု ဖတ်မှတ်ဘူးပါသည်။ လောဘရဲ့သဘောတရားဟာ အလွန်ကိုပင် ကြောက်မက်ဖွယ်ကောင်းလှပါသည်။ လူသားတွေဟာ ဘယ်လောက်ပဲ အောင်မြင်ကြီးပွားပေမယ့် လိုချင်တပ်မက်မူသဘာဝအရ တင်းတိမ်ရောင့်ရဲမှုမရှိတဲ့ကြားက လောဘတရားရဲ့ နှိပ်စက်ခြင်းခံရ၍ ဖြစ်ပေသည်။ လူသားများအနေနဲ့ လောဘဆိုတဲ့ အမိုက်မှောင်အဖုံးခံရပြီဆိုရင် မနာလိုဝန်တိုမူတွေနဲ့အတူ ပြိုင်ဆိုင်မူတွေလည်း ဖြစ်လာတတ်ပေသည်။ လူဘောင်ပတ်ဝန်းကျင်တွင် လိုချင်တပ်မက်မူ လောဘကို မချုပ်တည်းနိုင်သဖြင့် တစ်ဦးနှင့်တစ်ဦး အဆင်မပြေမူ ပြဿနာတွေဖြစ်ကာ နောက်ဆုံးတွင် ဒုက္ခဖြင့်သာ နိဂုံးချုပ်ရပေသည်။ ဒါနပြုခြင်းသည် အလောဘဖြစ်၍ လောဘ၏ အကျိုးတရားများနှင့် ဆန်ကျင့်ဘက် ချမ်းသာသုခများကိုသာ ခံစားရသိမှာ သိသာထင်ရှားပါသည်။ အလောဘ၏ သဘောတရားသည် လိုချင်တပ်မက်မူကင်းခြင်း၊ တစ်ကိုယ်ကောင်းဆန်မူ ကင်းခြင်းဟု ဆိုထားသောကြောင့် ထိုသူ၏ နှလုံးသားတွင် ကိုယ်ချင်းစာတရားရှိသည်ဟု ဆိုရပေမည်။ အလောဘစိတ်ရှိသော သူသည် အများ၏အကျိုးကို စိတ်ချမ်းသာရေးကိုသာ အမြဲရှေးရူတတ်ပေသည်။ ထို့ကြောင် ဒါနဟူသည် ကောင်းမူ၏ အရင်းအမြစ်ဖြစ်ပေသည်။ အရင်းအမြစ်ရှိပြီဆိုလျှင် နောက်ထပ် ကြီးပွားချမ်းသာရန် မလွဲမသွေဖြစ်ပေသည်။ မြတ်စွာဘုရားရှင်သည် သီဟသေနာပတိသုတ်တွင် ဒါနနှင့်ပက်သက်၍ သီဟစစ်သူကြီးက အလှူဒါနပြုသောသူကြောင့် ယခုပစ္စပ္ပန် အကျိုးကို သိခြင်းငှာ စွမ်းနိုင်ပါသလားဟု မေမြန်းလျှောက်ထားသဖြင့် ဒါန၏အကျိုးပေးသည် စွမ်းနိုင်ကြောင်း ဟောကြားထားပေသည်။ အို သီဟစစ်သူကြီး.. .. ဒါနကိုပြုကြသူတိုင်းတွင် ဒါန၏အကျိုးစွမ်းရည် (၅)ပါး မုချမလွဲမသွေရရှိမှာဖြစ်ပါသည်။ ထိုအကျိုး(၅) မျိုးမှာ (၁)ဒါနတရားဟာ မေတ္တာလုပ်ငန်းစဉ်ဖြစ်တဲ့အတွက် လူချစ်လူချင်ပေါများပါတယ်။ ချစ်ခင်မြတ်နိုးလေးစားသူတွေ ပေါများပါတယ်။ ပေးလှူတတ်တဲ့အလှူရှင်ကို များစွာသော လူတို့က ချစ်မြတ်နိုးခြင်းဟာ ဒါနရဲ့ ပစ္စပ္ပန် အကျိုးဖြစ်တယ်။ (၂)ပညာရှိသူတော်ကောင်းတွေနဲ့ ပေါင်းသင်းဆက်ဆံ တွေ့ကြုံခွင့်ရတယ်။ အလှူရှင်ထံသို့ ငြိမ်သက်တည်ကြည်သော စိတ်ဓါတ်ရှိတဲ့ သူတော်ကောင်းများ ချဉ်းကပ်လာရောက်တတ် ကြတယ်။ ဤသို့ သူတော်ကောင်းများ ချဉ်းကပ်လာရောက်တတ်ခြင်းဟာလည်း ဒါနရဲ့ပစ္စပ္ပန် အကျိုးဖြစ်တယ်။ (၃) ကောင်းသတင်းကျော်စောတယ်။ အလှူရှင်ဟာ ထင်ပေါ်ကျော်ကြားမူနဲ့ ပြည့်စုံတယ်။ ဤသို့ ကောင်းသတင်းကျော်စောခြင်းဟာလည်း ဒါနရဲ့ ပစ္စပ္ပန်အကျိုးဖြစ်တယ်။ (၄)မေတ္တာလမ်းစဉ်ကို လိုက်နာနေသူဖြစ်တဲ့အတွက် ပရိတ်သတ်အတွင်း ကျက်သရေရှိရှိ၊ မျက်နှာပန်းလှလှ၊ ရဲရဲဝံ့ဝံ့ ရွှင်ရွှင်လန်းလန်း ၀င်ထွက်သွားလာနိုင်တယ်။ ဤသို့ ပြည့်စုံခြင်းဟာ လည်း ဒါနရဲ့ပစ္စပ္ပန်အကျိုးဖြစ်တယ်။ (၅) သေပြီးနောက် ချမ်းသာသုခနဲ့ပြည့်စုံတဲ့ သုဂတိဘ၀ကောင်းကို ရောက်ရပါတယ်။ အလှူရှင်ဟာ သေခါနီးအချိန်မှာ စိတ်နှလုံးကြည်လင်တယ်။ စိတ်နှလုံးကြည်လင်တဲ့အတွက် သေပြီးသည်မှ နောက်ကာလ၌ ကောင်းသောသုဂတိဘုံဘ၀သို့ ရောက်နိုင်ခြင်းသည် တမလွန်အကျိုးပေးပင်ဖြစ်ပေသည်။ မြတ်စွာဘုရားရှင်သည် ယခုပြဆိုခဲ့သော အကျိုးများသည် ဒါနတရား၏ ကိုယ်တိုင်သိမြင်အပ်တဲ့ ပစ္စပ္ပန်အကျိုး၊ တမလွန်အကျိုးများဖြစ်ပေသည်ဟု သီဟစစ်သူကြီးအား ဟောကြားတော်မူခဲ့ပါသည်။ ဒါန၏အကျိုးသည် အသေအချာ အထင်အရှားရှိသည်ပေသည်။ ဒီအကျိုးတရားငါးပါးသည် ဒါနရှင်အားလုံး အလိုလိုရရှိလာတဲ့ ဒါနစွမ်းအားပင်ဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင်တွေအနေနှင့် ဒါနတရားကို ပန်းတစ်ပွင့်သော်လည်းကောင်း၊ ရေတစ်ပေါက်မျှသော်လည်းကောင်း လှူဒါန်းခြင်းအားဖြင့် လူ၊နတ်၊နိဗ္ဗာန် သုံးတန်ချမ်းသာကို ရနိုင်စွမ်းရှိ ပါသည်။ဤမျှအကျိုးကြီးမားလှသော ဒါနတရားအား မိမိတို့ထံသို့ သေမင်းမရောက်ခင်တွင် ဘ၀သံသရာတွင် မှီခိုအားထားရာ အထောက်အပံ့အကြီးအမားဖြစ်သော ဒါနတရားကို ပြုဖို့တိုက်တွန်းချင်ပါသည်။ ဓမ္မမိတ်ဆွေအပေါင်းကျန်းမာချမ်းသာကြပါစေ ကိုညီ ကျွန်တော်တို့ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းမှဦးဆောင်၍ မတ်လကောက်ခံရရှိငွေများမှ (၂၄)ကြိမ်မြောက်အဖြစ် အောက်ပါနေရာများကို အသီးသီးလှူဒါန်းခဲ့ကြပါတယ်။ (၁)ပရဟိတ ကျွေးမွေးစောင့်ရှောက်ရေးဂေဟာ၊ ဖောင်ကြီးအလွန်၊ မရမ်းချောင်း၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်း အတွင်းရှိ အနာကြီးရောဂါသည်များအတွက် အထွေထွေ လိုအပ်လျှက် ရှိသော အစားအသောက်၊ အသုံးအဆောင်နှင့် ဆေးဝါးများအား ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ဤနေရာသို့ ဒေါ်လာ (၁၀၀၀) လှူဒါန်းရာ မထက်စုနှင်းဆီမှ ဒေါ်လာ(၃၀၀) ပါဝင်လှူဒါန်း ပါသည်။ လှူဒါန်းမူမှတ်တမ်းဓါတ်ပုံများအား ဤနေရာတွင် ကြည့်ရှု့၍ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါသည်။ (၂)အိုးရင်းကျေးရွာ၊ ငါးသရောက်မြို့နယ်၊ ညောင်ဦးခရိုင်၊ မန္တလေးတိုင်းအတွင်းရှိ အလယ်တန်းကျောင်းအတွင်း စာသင်ကျောင်းဆောင်ဆောက်လုပ်မှုအတွက် လိုအပ်လျှက်ရှိသော မိုးအကာနှင့် အခင်းများအား ထောက်ပံ့လှူဒါန်းခဲ့ပါသည်။။ လှူဒါန်းမူမှတ်တမ်းဓါတ်ပုံများအား ဤနေရာတွင် ကြည့်ရှု့၍ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါသည်။ (၃)ရွှေကျင်မိုးကုတ်ကျောင်း၊ ကျန်စစ်သားရပ်ကွက်၊ ဒလမြို့နယ်၊ ရန်ကုန်တိုင်းအတွင်းရှိ ဗုဒ္ဓဘာသာကလေးသူငယ်များ၊ ယဉ်ကျေးလိမ်မာ သင်တန်းကျောင်းအတွက် ထောက်ပံ့လှူဒါန်းခဲ့ ပါသည်။လှူဒါန်းမူမှတ်တမ်းဓါတ်ပုံများအား ဤနေရာတွင် ကြည့်ရှု့၍ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါသည်။
တစ်ဦးချင်အလှူရှင်များ မထက်စုနှင်းဆီ= ဒေါ်လာ (၃၀၀)
ဆေးအလှူတော်အတွက် တစ်ဦးချင်းအလှူရှင်များ (၁) မောင်တင်ထွန်းဦး(MAI)- 500 Rubles (၂)မောင်တင်မိုးအောင်(MAI) 700 Rubbles
လှူဒါန်းမူအစုစုအား ဓမ္မမိတ်ဆွေအပေါင်း ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေ။ တင်ပြသူ ကိုညီ |






