Theravada Buddhist Youth Organization
တုမဲ့ဟန်နှင့် ရတနာစစ် E-mail
ဓမ္မစာပေများ
ရတနာ လို့ ကြားလိုက်ရင် လူတိုင်း မျက်လုံးလေးတွေ လဲ့သွားကြတယ်။ မြင်လိုက်ရတဲ့သူဆိုရင် သူတို့ စိတ်ထဲမှာ ကြည့်နူးသွားကြတယ်။ တစ်ချို့ဆို ပါးစပ်လေး အဟောင်းသာနဲ့ ခဏလေးတောင် ငိုင်သွား တတ်ကြတယ်။ လူတိုင်းလဲ မြတ်နိုး တန်ဖိုးထား ကြပါတယ်။ ဘာကြောင့် ရတနာကို လူတိုင်း မြတ်နိုးကြတာလဲ။ ဘာကြောင့်များ မက်မောကြတာလဲ။ မြတ်နိုးစရာ ကောင်းတဲ့ နှစ်သက်ဖွယ်ကောင်းတဲ့ အရည်အချင်းတွေ အရောင်အသွေး တွေရှိနေလို့ပါပဲ။ လမ်းဘေးက အလေ့ကျ ပေါ်လာတဲ့ကျောက်၊ လမ်းခင်းဖို့ ချထားတဲ့ကျောက် ကိုတော့ လူတိုင်း အမြတ်တနိုး တန်ဖိုးမထားပါဘူး။ သူမှာတော့ သူအရည်အသွေးက ဒီနေရာမှ သုံးသင့်တယ် သုံးရမယ်ဆိုတဲ့ အရည်အချင်းပါပြီးသားပါ။ အဲဒီလိုကျောက်မျိုးကို ဘယ်သူပုဂ္ဂိုလ်ကမှ မိမိ လက်ဝတ်တန်ဆာအဖြစ် မပန်ဆင်ကြပါဘူး။ ထပ်ပြီး မေးခွန်းတစ်ခုပေါ်လာပြန်တယ်။ ကျွန်တော်တို့တွေ ဘာကြောင့် သုံးသင့် မသင့် ရတနာထိုက်မထိုက် ခွဲခြားလိုက်တာလဲ။ အဖြေကတော့ ရတနာဂုဏ်တွေကြောင့်ပါ။ ဟုတ်ပါပြီး။ နောက်တစ်ခုမေးခွန်းတစ်ခုက အဲဒီ ဂုဏ်အင် တွေက လူတိုင်းရော သိကြရဲ့လား။ လောကီရတနာ တွေဖြစ်တဲ့ ပုလဲ၊ မြ၊ စိန်၊ သန္တာ၊ ပတ္တမြား၊ ငွေ၊ ရွှေ စတဲ့ ဒီလို ရတနာတွေ လူတိုင်း တန်ဖိုးထားကြပါတယ်။ တန်ဖိုးထားတတ်ရမှန်းသိတဲ့ အသိလဲ ရှိပါတယ်။ ရတနာကို တန်ုဖိုးထားထိုက်တယ်၊ ဆိုတဲ့အသိက အရေးကြီးပါတယ်။

ဥပမာဆိုပါစို့ သမင်လေးတစ်ကောင် မြက်ခင်းပေါ်လေးမှာ မြက်နုလေးတွေကို စိတ်တိုင်းကျ စားသောက်နေတယ်။ အဲဒီမြတ်နုလေးပေါ်မှာ နီရဲပြီး နှစ်သက်ဖွယ်ကောင်းတဲ့ ပတ္တမြားလေး တစ်လုံး ရှိမယ်ပေါ့။ သူနေ့အနေနဲ့တော့ မြတ်နုလေးတွေကိုပဲေ၇ွးစားသွားမှာ။ ရတနာကို ရတနာမှန်းမသိလို့ မြတ်နုလေးကိုပဲ အာရုံစိုက် နှစ်ခြိုက်ပြီး စားသောက်သွားမှာ ဆိုတာ သေချာပါတယ်။ ဒါကြောင့် ရတနာကို ရတနာမှန်းသိနိုင်တဲ့ အသိက အလွန် အင်မတန်အရေးကြီးပါတယ်။ ရတနာဂုဏ်အင်တွေ သိဖို့ အရေးကြီးပါတယ်။ ရတနာဂုဏ်အင်္ဂါတွေက၊

(၁) ရိုသေမြတ်နိုးထိုက်တယ်။

(၂) တန်ုဖိုးကြီးတယ်။

(၃) အတုမရှိပါဘူး။

(၄) မြင်နိုင်ခဲပါတယ်။

(၅) မြင့်မြတ်သူတို့ အထက်တန်းစားတွေမှ သုံးထိုက်ပါတယ်။

လောကီရတနာ ကတော့ အသိဉာဏ်ရှိတဲ့ လူတိုင်း သိနိုင်ကြပါတယ်။ လေကုတ္တရာရတနာကိုတော့ လူတိုင်း သိဖို့ မလွယ်ကူလှပါဘူး။ ရတနာကို ရတနာမှန်းသိပြီးဆိုရင် ရတနာ အစစ်ကို ထပ်ပြီးစီစစ်သိဖို့ လိုအပ်နေပြန်ပါတယ်။ တကယ့် ရတနာ အစစ်ကဘာလဲ။ လောကီရတနာတွေထက် တန်ဖိုးကြီးတဲ့ ရတနာတွေများ ရှိသေးလား။ ရှိသေးတယ်ဆိုရင် ဘာတွေလဲ။ ဘယ်လိုမျိုးလဲဆိုတာ သိသင့်နေပါပြီ။ လောကီရတနာတွေထက် တန်ဖိုးကြီးတဲ့ ရတနာတွေ ကျွန်တော်တို့ သာသနာရောင်ဝါထွန်းလင်းလှတဲ့ မြန်မာပြန်မှာ စိန်၊ ပတ္တမြား စတဲ့ လောကီရတနာတွေထက် တန်ဖိုးကြီးတဲ့ ရတနာတွေ ရှိနေပါတယ်။ ဒါကိုတော့ လောကုတ္တရာ ရတနာ၊ ရတနာ အစစ်လို့ခေါ်ပါတယ်။ ဒါကြောင့်လဲ ဗုဒ္ဓသာသနာမှာ ရတနာသုံးပါးရယ်လို့ အထင်အရှား၇ှိနေပါတယ်။

(၁) ဘုရားရတနာ

(၂) တရားရတနာ

(၃) သံဃာရတနာ

ဆိုပြီး ရတနာသုံးပါးဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ဘယ်လိုရတနာနဲ့ ခိုင်းနှိုင်း တင်စားသလဲ ဆိုရင်။ ပတ္တမြားရတနာနဲ့  ခိုင်းနှိုင်းတင်စားထားပါတယ်။

လယ်တီဆရာတော်ဘုရားကြီး ရေးစပ်ထားတဲ့ ဘုရားရှိခိုးတစ်ခုရှိပါတယ်။

သောဘဂ၀ါ - ထိုမြတ်စွာဘုရားသည် ၀ါ အသဘိန္န ခတ္တိယဟု၊ သမ္မတမင်းရိုး၊ အမျိုးသာကီ၊ ပြည်ကပ္ပီမှ၊ လေးလီနိမိတ်၊ သံဝေစိတ်ကြောင့်၊ တောရိပ်ခိုစံ၊ ကျင့်ခြိုးခြံလျက်၊ မြလျှင်ရွက်စိပ်၊ ရွှေညောင်ရိပ်ဝယ်၊ ဖိတ်ဖိတ်ရောင်ရွှင်၊ ရွှေပလ္လင်ထက်၊ ငါးအင်မာန်အညစ်၊ ရန်အစစ်ကို ၊ ခေတ်ဇာတိလုံးပဲ့တင်းချုန်းလျက်၊ ဘုန်းဖြင့်လွယ်ကူ အောင်တော်မှု၍၊ လူမင်းတကာတို့၏ ဥက္ကဌ်၊ နတ်မင်းတကာတို့၏ ရာဇာ၊ ဗြဟ္မာမင်းတကာာ တို့၏မကိုဋ်၊ အမြိုက်ခေါင်းဖျား သောင်းထိုက်သားတို့၏ ပတ္တမြား မျက်ရှင်ကြီး တစ်ဆူဖြစ်တော်မူသော ” ဒီဘုရားရှိခိုးလေးကို နှလုံးသွင်းလိုက်မိခြင်းအားဖြင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ တကယ်ပဲ ပတ္တမြား ရတနာပါ့လားလို စိတ်ထဲမှာ ကြည်နူးမိပါတယ်။

(၂) တရား(ဓမ္မ)ရတနာကိုတော့ ရတနာတွေထဲက စိန် ရတနာနဲ့ တင်စားထားပါတယ်။ စိန်ဆိုတဲ့သဘောက Pure Carbon ပါ။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကင်းစင်ခြင်းဖြစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်အညစ်အကြေးနဲ့ တူတဲ့ (၁၀)ပါးသော ကိလေသာတို့ အပြီးသတ်ကင်းစင်နိုင်တဲ့ စွမ်းအားတွေ သတ္တိတွေဟာ တရားဓမ္မ တွေထဲမှာ ရှိပါတယ်။

(၃) သံဃာရတနာကိုတော့ ရတနာတွေက ပုလဲ ရတနာနဲ့ ပမာပြု တင်စားထားပါတယ်။ ဖြူစင်ခြင်း အေးမြတဲ့ သဘောတွေ အပြည့်အ၀ ရှိတဲ့ သံဃာတော် မြတ်ကြီးတွေရဲ့ သီလတရား၊ သမာဓိတရား၊ ပညာတရား တွေဟာ တကယ်ပဲ ပုလဲလုံးလေးတွေလိုပါပဲ။

ဒါကြောင့်ဘုရားရတနာသည် ပတ္တမြား၊ တရားရတနာသည် စိန်၊ သံဃာရတနာသည် ပုလဲ စတဲ့ လောကီရတနာလေးတွေနဲ့ သိသာအောင် နားလည်လွယ်အောင် ပမာပြုတင်စား ထားပါတယ်။

ဗဟုသုတပေါ့၊ ပတ္တမြားရဲ့ ခံနိုင်ရည်စံနှုန်း မာကျောခြင်းအဆင့်က ၉ ပါ၊ စိန်က တော့ ၁၀ ပါ၊ ပုလဲကတော့ (၈) ပါ၊ စိန်ကတော့ ဒီအထဲမှာ စံနူန်းအမြင့်ဆုံးပါ။

လောကီရတနာတွေအတိုင်းပဲ..ရတနာအရည်အသွေးလေးက..

၁။ စိတ်၌စွဲကပ်၍ အလေးအမြတ် ပြုအပ်သောကြောင့် ရတနာမည်၏။

လောက၌ နှစ်သက်မြတ်နိုးအပ်သော သက်ရှိသက်မဲ့ အရာအမျိုးမျိုးရှိကြရာ ဘုရားတည်းဟူသော ရတနာကား လူသတ္တ၀ါသာမက နတ်များ၊ ဗြဟ္မာများကပင် လေးစား ပူဇော်ကြရသည်။

၂။ အဖိုးများစွာ ထိုက်တန်၏။

ဗုဒ္ဓလက်ထက်တော်အခါက ဇောတိက ဇဋိလ စသော ကုဋေကုဋာကြွယ်ဝသော သူဋ္ဌေးကြီးများ၌ အဖိုးမဖြတ်နိုင်သော လောကီရတနာ အမျိုးမျိုး ရှိကြ၏၊ ထိုရတနာများကို ဖယ်ခွါ၍ ဘုရားရှင်ထံ လာရောက်ဆည်းကပ်ကြရသည်မှာ ဘုရားရှင်၏ တန်ဖိုးအနဂ္ဃကို သိရှိကြ၍ ဖြစ်၏။

၃။ အတုမရှိသောဂုဏ် ရှိ၏။

ဘုရားရှင်၌ ဘ၀ပေါင်းမရေမတွက်နိုင်အောင် သူတကာတို့ထက်ပို၍ ကုသိုလ်ပါရမီများ ဆည်းပူးခဲ့ရ၊ သူမတူအောင် ဖြည့်ခဲ့ရ၍ အကျိုးဂုဏ်အင်လည်း သူတပါးထက် သာလွန်များပြား လှပေသည်၊ အရာရာတွင် ယှဉ်ပြိုင်နိုင်သူ မရှိ၍ အနုတ္တရပုဂ္ဂိုလ်ထူး ဖြစ်လေသည်။

၎။ မြင်တွေ့ရခဲသည်။

မြတ်ဗုဒ္ဓကဲ့သို့သော ပုဂ္ဂိုလ်ထူးသည် ကမ္ဘာများစွာကြာမှ တခါတရံ ပေါ်ပေါက်သဖြင့် မြင်ရခဲသည်၊ တခါလွဲချော်သွားလျှင် ဘ၀ပေါင်းများစွာ အတောမသတ် မျောကြရပေလိမ့်မည်။

၅။ သူမြတ်တို့သာ သုံးဆောင်ရာ ဖြစ်၏။

သုံးဆောင်သည်ဆိုရာ၌ မှီဝဲဆည်းကပ်ခြင်း၊ အဆုံးအမကို နာယူခြင်း၊ ဆုံးမချက်အတိုင်း လိုက်နာ ကျင့်ကြံခြင်းဖြင့် မဂ်ဖိုလ်ကို ရယူခြင်းများကို ဆိုလိုသည်၊ လောကီရတနာများကို လူသာမန်များပင် သုံးဆောင်နိုင်ကြသည်ကို အထင်အရှား တွေ့မြင်ရ၏၊

ဘုရားရတနာကား ရှေးကောင်းမှု ရှိကြသောသူ၊ ဘုန်းကံရှိသူ လူမွန်လူမြတ်များသာ သုံးဆောင်ရာ ဖြစ်၏။

ဤအဓိပ္ပါယ်ကို ပညာရှိကြီးများက လင်္ကာဖြင့် ဖော်ပြခဲ့သည်မှာ-

လေးစားမြတ်နိုး၊ အဖိုးထိုက်တန်၊ တုမဲ့ဟန်နှင့်၊ မြင်ရန်ခဲကတ်၊

သူမြတ်တို့သာ၊ သုံးဆောင်ရာသည်၊ မှတ်ပါ ရတနာအနက်တည်း။ဟူ၍ ဖြစ်၏။

ကျွန်တော်တို့ မြတ်ဗုဒ္ဓရဲ့သာသနာမှာ ရတနာသုံးပါးအပြင်၊ နောက်ထပ် ရတနာ(ရ)ပါးလဲ ရှိပါသေးတယ်။ အဲဒီရတနာ (ရ) ပါးကတော့ သူတော်ကောင်ဥစ္စာ ခုနှစ်ဖြာဆိုပြီး ထင်ရှားတဲ့

သဒ္ဒါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ သြတ္တပ ပဲ ဖြစ်ပါတယ်။ သဒ္ဒါ- ယုံကြည်မှုရှိခြင်း၊ သီလ-ကိုယ်၊ နုတ်၊ နှလုံး စောင့်ထိန်းခြင်၊ သုတ-အကြားအမြင် ဗဟုသုတများခြင်း၊ စာဂ- ပေးကန်းစွန့်ကြဲခြင်း၊ ဟီရိ- မကောင်းမှုပြုရာသည်ကို ရှက်ခြင်း၊ သြတ္တပ- မကောင်းမှုပြုရသည်ကို ကြောက်ရွံ့ခြင်း တို့ဖြစ်ပါတယ်။ ရတနာ (ရ) ပါးကို လောကီရတနာ တွေနဲ့ ပမာပြ တင်စားထားပုံကတော့ ဟီရိ ကျော့ငွေ၊ သြတ္တရွှေနှင့်၊ နံ့မွှေးကြားပုံ ခတ်ရုံသန္တာ၊ သဒ္ဒါ မြင့်မြ၊ သီလပုလဲ၊ စွန့်ကြဲ မဏိ၊ ဗုဒ္ဓိ ၀ရဇိန် တောက်ထိန်ခုနှစ်ပါး ဥစ္စာများကို ဆိုပြီး ရတနာ ခုနှစ်ပါးပဲ ဖြစ်ပါတယ်။ ဟီရိ ဆိုတဲ့ မကောင်းမှု ပြုဖို့များ အရှက်တရား ၇ှိမယ်ဆိုရင် မိမိလက်ထဲမှာ ငွေ ၅၀၀၀ တန်တွေ အထုပ်လိုက် မကိုင် နိုင်ရင်နေပါစေ။ မိမိနှလုံးသားထဲမှာတော့ မဟောင်းနွမ်းနိုင်မယ့် ကုသိုလ်ငွေလေးတွေ နှလုံးသား ဘဏ်တိုက်ထဲမှာ အထပ်လိုက်သိမ်းဆည်းပြီးသား ပြီးနေပါပြီ။ ထိုအတူပဲ မကောင်းမှုပြုရမှာ ကြောက်တယ်ဆိုတဲ့ စိတ်လေးများရှိရင် ရွှေတွေရပါပြီး။ နံမွှေးကြားပုံ ခတ်ရုံသန္တာ - သူတော်ကောင်းတရာတွေ နားကြမယ်၊ လောကီလောကုတ္တတရား နှစ်ပါးလုံး အကျိုးဖြစ်စေမယ့် ပညာရပ်တွေလေ့လာမယ် သင်ယူမယ်ဆိုရင် မိမိမှာ သန္တာ တွေ စုရုံးရောက်နေပါပြီး။ သဒ္ဒါမြင့်မြ - မိမိကိုယ်ကိုယ် ယုံကြည်မှု၊ ဘုရား၊ တရား သံဃာ အပေါ်မှာ ယုံကြည်မှုတွေ ရှိနေမယ်၊ ပေးကမ်းလိုတဲ့ သဒ္ဒါတရား ရှိမယ်ဆိုရင် မြ ရတနာတွေ အပြည့်ရှိနေပါပြီ။ သီလ ပုလဲ - မိမိမှာ ကိုယ့်နုတ်နှလုံးကို စောင့်ထိန်းတတ်တဲ့ သီလတရား ရှိနေမယ်ဆိုရင် ပုလဲတွေ ရနေပါပြီ၊ စွန့်ကြဲ မဏီ - စွန့်ကြဲမေးကမ်းမှု စာဂ တရားရှိမယ်ဆိုရင် မိမိမှာ ပတ္တမြားတွေ အလုံးလိုက် ရမှာ သေချာနေပါတယ်။ နောက်ဆုံးတစ်ခု ဗုဒ္ဓိ ၀ရဇိန် - အရာရာကို နားလည်တတ်ခြင်း၊ နားလည်ပေးတတ်သော ပညာတရားသာ ရှိမယ်ဆိုရင် စိန်တွေ မိမိမှာ ရှိနေပါပြီ။

အခုလောက်ဆိုရင် အဖိုးဖြတ်မရတဲ့ ရတနာတွေကို ကျွန်တော်တို့တွေ ကောင်းကောင်း သဘောပေါက်ပါပြီ။ ရတနာတွေ ကို ဘယ်လိုစုရမလဲဆိုတာလဲ နားလည်ပါပြီ။ တန်ဖိုးလဲ ထားတတ်ပါပြီး၊ ရင်ထဲ နှလုံးသားထဲကို ရောက်လာတဲ့ ရတနာကို ဘယ်လိုထိန်းသိမ်းမလဲ ဆိုတာလဲ အရေးကြီးပြန်ရော။

ရရှိထားတဲ့ ရတနာကို မမှိန်အောင် အမြဲတမ်းသွေးနေရပါမယ်။ ရတနာ ဆိုတာ အရောင်အသွေး ရယ်၊ အရောင်အလဲ့ရယ် ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ဥပမာဆိုပါစို့ သဒ္ဒါတရား ဆိုတဲ့ မြ ရတနာ လေး ကျွန်တော်တို့ နှလုံးသားထဲရောက်လာပြီး ဆိုပါတော့ ဒီရတနာလေး မပျောက်ပျက်အောင် ထိန်းသိမ်းသလို့ သဒ္ဒါတရားလေး မပျောက်ပျက်အောင် မိမိမှ ကုသိုလ်အလုပ်တွေနဲ့ သွေးနေဖို့ လိုပါတယ်။ သွေးလေလေ၊ သဒ္ဒါဆိုတဲ့ မြရတနာလေးက အရောင် တက်လေလေ၊ အရောင် တက်လေလေ ပိုပြီးတော့ တန်ဖိုးကြီးလေလေ ပါပဲ။ တစ်ချို့ဆိုရင် အရောင်အသွေးရှိပြီး အရောင်မလဲ့တဲ့ ရတနာတွေ အများကြီးရှိပါတယ်။ မသွေးသေးလို့ အပေါ်က အညစ်အကြေးတွေ ဖုံးနေတာ။ ဒီလိုဖုံးနေလို့လဲ အရောင်မလဲ့တာပေါ့။ အရည်အသွေးလဲ ရှိ သွေးထားလို့ အရောင်လဲ လဲ့နေမယ်ဆိုရင် သိပ်တန်ဖိုးကြီးပါတယ်။ ကျွန်တော် တို့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကတော့ အရည်အသွေးလဲ ရှိတယ်။ အရောင်အသွေးလဲ လဲ့ပါတယ်။ ဒါကြောင့်လဲ သုံးလူ့ထွဋ်ထား မြတ်ဘုရားဆိုပြီး ထင်ရှားကျော်စောတာ ဖြစ်ပါတယ်။

လူတိုင်း လူတိုင်းမှာတော့ ကိုယ်စွမ်းနိုင်တဲ့ အရည်အသွေးတွေ ကိုယ်စီရှိကြပါတယ်။ မသွေးလို့သာ အရောင်မလဲ့ကြတာပါ။ သွေးလိုက်ရင် တန်ဖိုးတက် အရောင်လဲ့လာမှာ သေချာပါတယ်။ အရောင်လဲ့ဖို့ထက် သွေးဖို့က အဓိက ပိုကျပါတယ်။ တစ်နေ့တော့ အရောင်လဲ့မှာပါ။ အားသွန်ခွန်စိုက် ကြိုးစားပြီးသာသွေးပါ။ သွေးတယ်ဆိုတာ မိမိအရည်အချင်း မိမိ မြှင့်အောင် ကြိုးစားခြင်း ကိုဆိုလိုတာပါ။ မြတ်စွာဘုရားရှင်ကိုယ် တော်မြတ်ကြီးဆိုလဲ လေးအင်္သချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခြင်းနဲ့ သွေးလာခဲ့တာပါ။ ဘယ်လိုသွေးခဲ့တာလဲ မေးရင် ပညာနဲ့သွေးခဲ့တာပါ။ ဒါကြောင့်လဲ ဘုရားရတနာ ရယ်လို့ အရည်အသွေးလည်းရှိ၊ အရောင်အလဲ့ လည်းရှိ အားလုံးပြည့်စုံနေခြင်းသာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အားလုံးအနေ့နဲ့ ရတနာကို တန်ဖိုးထားနိုင်စေချင်ပါတယ်၊ တန်ဖိုးထားတတ်တဲ့ အသိလဲ ရှိစေချင်ပါတယ်။ လောကီရတနာတွေထက် တန်ဖိုးကြီးလှတဲ့ ရတနာတွေ ထာဝရ ပိုင်စေချင်ပါတယ်။ ပိုင်ဆိုင်လျက်ရှိတဲ့ ရတနာတွေကိုလဲ ပိုပို ပြီး တန်ဖိုးတက်အောင်၊ အရောင်လဲ့အောင် စောင့်ရှောက်သလို၊ သွေးနေသလို၊  မိမိမှာရှိတဲ့ ကိုယ့်စီ ကောင်းမွန်တဲ့ စိတ်ကောင်းလေးတွေကို တစ်နေ့ပြီးတစ်နေ့ တန်ဖိုးတက်အောင် သွေးကြပါလို့….တိုက်တွန်းရင်း……………………….

စိုးစံမောင်

+/-
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please input the anti-spam code that you can read in the image.
+/- Comments
Add New Search

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."