Theravada Buddhist Youth Organization

Warning: opendir(/home/mmtherav/public_html/images/stories/thilashin/1st_time) [function.opendir]: failed to open dir: No such file or directory in /home/mmtherav/public_html/plugins/content/jwsig.php on line 100
ပေးစွမ်းကြမလေ သတ္တိထွေ (ပထမအကြိမ်) E-mail
သီလရှင်များအား လှူဒါန်းမှုများ - အခြားသီလရှင်များအား လှုဒါန့်းမှု
အမှောင်ထဲမှာ အလင်းတစ်လက်ကို ထပ်ဆင့်ထွန်းညှိခဲ့ပါတယ်၊ အလင်းတန်းလေး ရှင်သန်ပေးခဲ့ပါတယ်။ အမှောင်ထဲမှာ မီးထွန်းတာနဲ့ အလင်းထဲမှာ မီးထွန်းတာ အကျိုးဖြစ်ထွန်းပုံချင်း မတူနိုင်ပါဘူး။ အမှောင်ထဲမှာကျတော့ မီးအလင်းရောင်က အကျိုးများစွာ ဖြစ်ထွန်းသွားသလို အခုလိုမျိုး အမှန်တကယ်လိုအပ်တဲ့ နေရာလေးတွေကို လှူတဲ့ ဒါနကျတော့ သဒ္ဓါတရား အပြင် ပညာပါ ပါတဲ့ ဒါနဖြစ်တဲ့အတွက် ပါရမီထိုက်တဲ့ ဒါနဖြစ်တယ်ဆိုတာ သိသာထင်ရှားလှပါတယ်။  အတ္ထစရိယလို့ ခေါ်တဲ့ သူတစ်ပါးအကျိုးကို ဆောင်ရွက်တဲ့နေရာမှာ ပညာမရှိတဲ့သူကို ရှိအောင်လုပ်ပေးတယ်၊  ကိုယ်ကျင့်တရား နိမ့်ကျနေရင် ကိုယ်ကျင့်တရား ရှိလာအောင် လုပ်ပေးတယ်၊ ကံကံ၏အကျိုးကို ယုံကြည်မှုမရှိဘူး၊ သဒ္ဓါစွမ်းအားတွေ နည်းနေရင် သဒ္ဓါစွမ်းအားတွေ ထက်လာအောင် လုပ်ပေးတယ်၊ လှူချင်တန်းချင်စိတ်မရှိတဲ့ ပုဂ္ဂိုလ်ကို လှူချင်တန်းချင်စိတ် ဖြစ်လာအောင် လုပ်ပေးတယ်၊ ကောင်းတဲ့အရည်ချင်းတွေနဲ့ ပတ်သက်ပြီး ကိုယ်နဲ့တန်းတူဖြစ်လာအောင် ကိုယ်ထက် မြင့်မားနိုင်အောင် ဆောင်ရွက်ပေးတာကို ခေါ်တာပါ။
 ကောင်းတဲ့အရည်ချင်းတွေကနေ အဓိကကျဆုံး သီလတရားကို ကိုယ်ကိုတိုင် သက်ဆုံးတိုင်ကျင့်သုံးနိုင်ပြီးတော့ အများ သူငါအားလည်း ကျင့်သုံးစေနိုင်သော သူများ ဖြစ်လာရင် ပျော်ရွှင်ဖွယ်အတိပါပဲ။ ကိုယ်ကျင့်သိက္ခာကို ဖြူစင်မြင့်မြတ် အောင် မထိန်းသိမ်းနိုင်မှုသည် ကံကြမ္မာဆိုးကို လက်ယပ်ခေါ်ခြင်းဖြစ်ပါတယ်။ ထိုကံကြမ္မာဆိုးဟာလည်း မိမိထံသို့ ဒုက္ခ ဆိုသောအရာကို သယ်ဆောင်လာမှာဖြစ်ပါတယ်။ ကံကြမ္မာဆိုးဟာ သူရဲ့ ဒုက္ခတစ်မျိုးတည်းကိုသာ သယ်ဆောင်လာမှာမ ဟုတ်ပဲ အခြားဒုက္ခများကိုလည်း အဖော်အဖြစ် ခေါ်ဆောင်လာနိုင်ပါသေးတယ်။  မိမိအပေါ်မှာ ကျရောက်လာမည့် ဒုက္ခများ ကို မကျရောက်အောင် ခုခံတွန်းလှန်းရာ၌ အကောင်းဆုံးလက်နက်မှာ မိမိ ကိုယ်ကျင့်သိက္ခာကို ဖြူစင်သည်ထက် ဖြူစင်အောင်၊ မြင့်မြတ်သည်ထက် မြင့်မြတ်အောင် အားထုတ်ခြင်းပင်ဖြစ်ပါတယ်။

ထို့ကြောင့်ပင် ကိုယ်စီသတ္တိလေးတွေ ရှိအောင် ကြိုးစားအားထုတ်စေချင်ပါတယ်။ သတ္တိအားပေး အပေးစွမ်းနိုင်ဆုံးသူကတော့ လောကမှာ ဗုဒ္ဓဘုရားရှင်မှတပါး ဆိုဖွယ်ရာမရှိနိုင်ပါပေ။ ထိုသတ္တတရားတွေကို လက်ဆင့်ကမ်းပေးစွမ်းနိုင်သူတွေက တော့ ဗုဒ္ဓဘုရားရှင်တော်၏ သားတော်များဖြစ်ကြသော သံဃာတော်အရှင်သူမြတ်များပဲ ဖြစ်ပါတယ်။ အခြခံကျဆုံး အဓိကကျဆုံး ကတော့ စာရိတ္တသတ္တိပါပဲ။ သတ္တိဆိုတာမှာလည်း ကာယသတ္တိ၊ စိတ္တသတ္တိ၊ စာရိတ္တသတ္တိဆိုပြီး ရှိတာပါ။ ကာယသတ္တိဆိုတာက ကိုယ်ခံအတတ်ပညာနဲ့ ပြည့်စုံသူ၊ ရဲရင့်သူပါ။ ဒီလိုသတ္တိမျိုးဟာ အလွယ်တကူ လေ့ကျင့် ပျိုးထောင်လို့ ရတဲ့အရာပါ။ ဥပမာ၊ ကြောက်တတ်တဲ့ ကလေးတစ်ယောက်ကို ကာယသတ္တိနဲ့ ပြည့်စုံအောင် မြန်မာ့လက် ဝှေ့၊ သိုင်း၊ ကရာတေး အစရှိတဲ့ ကာယပိုင်းဆိုင်ရာ ပညာတွေကို သင်ကြားပေးရင် ဒီကလေးက ကာယသတ္တိနဲ့ လွယ်ကူစွာ ပြည့်စုံလာနိုင်ပါတယ်။

 စိတ္တသတ္တိပြည့်စုံဖို့ကျတော့ ကာယသတ္တိထက် လေ့ကျင့်ပျိုးထောင်ရတာ  ပိုခက်ပါတယ်။ ကိုယ်က အနိုင်ယူလို့ရရဲ့သားနဲ့ အနိုင်မယူပဲ အလျှော့ပေးလိုက်တာမျိုးပါ။ ကိုယ့်မှာ ကိုယ်ကာယသတ္တိနဲ့ပြည့်စုံနေပေမယ်လို့ တစ်ပါးသူက ရန်လာစ သည်ထား ကိုယ်တတ်တဲ့ပညာနဲ့ ပြန်လည်တုန့်ပြန်ရင် နိုင်မယ်မှန်းသိရဲ့နဲ့ အနိုင်မယူပဲ အလျှော့ပေးလိုက်တာ၊ သီးခံလိုက် တာမျိုးပါ။ ဒီအရာတွေထဲက အခက်ဆုံးကတော့ စာရိတ္တသတ္တိပါပဲ။ ရာထူး၊ အာဏာ၊ စည်းစိမ်၊ ပစ္စည်းဥစ္စာ စတဲ့အရာ အားလုံးကို မတရားတဲ့နည်းနဲ့တော့ ဘယ်တော့မှ မယူဘူးဆိုတဲ့ သတ္တိမျိုးပါ။ သူခိုးကလည်း သူခိုးအလျောက် ပစ္စည်းတွေ ခိုးတယ်၊ ရာထူးအဆင့်တန်းအသီးသီးမှာလည်း စာရင်းလိမ်ခြင်းအားဖြင့် ခိုးတယ်၊ ဈေးသည်အားဖြင့်လည်း ဈေးနှိမ်ခြင်း၊ အလေးခိုး ခြင်း၊ စသည်အားဖြင့် ခိုးတယ်၊ ကိုယ့်ဆီကို လာဘ်ထိုးလာခြင်းကို လက်ခံခြင်းအားဖြင့်တစ်နည်း၊ ကိုယ်က ရာထူး၊ အာဏာ၊ စည်းစိမ်၊ ပစ္စည်းဥစ္စာအတွက် လာလ်ထိုးခြင်းအားဖြင့်တစ်နည်း ကျင့်သုံးနေတာတွေက စာရိသတ္တိ ဟောင်းနွမ်းယုံမျှမက ပျက်စီးနေခြင်းပါပဲ။

ဒီအရာတွေကနေ လွတ်ကင်းအောင် နေနိုင်ရင်တော့ စာရိတ္တသတ္တိပြည့်စုံနေတာပဲ။ ဒီအကြောင်းရာကို ဆရာဇော်ဂျီ၏ ရေးဖွဲ့ထားသည့်ကဗျာလေးမှာလည်း မှတ်သားစရာ အလွန်ကောင်းပါတယ်။

ရွှေဂုဏ်၊ ငွေဂုဏ်၊ ရာထူးဂုဏ်သည်၊

လူ့ဘုံလောက၊ အကာမျှတည့်၊

သူက ငြူစူ၊ မကြည်ဖြူ၍၊

ခွာယူလိုက၊ ခွာ၍ရ၊

ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်၊

လူ့ဘုံလောက၊ နှစ်သာရတည့်၊

သူကငြူစူ၊ မကြည်ဖြူလည်း၊

ခွါ၍မရ၊ ကွာမကျ။

ဆရာဇော်ဂျီရေးတဲ့အထဲမှာ ရိုးဂုဏ်ဖြောင့်ဂုဏ်ဆိုတာကို သတိပြုစေချင်ပါတယ်။ ရိုးဂုဏ်ဆိုတာ သူတစ်ပါးကို မလိမ်ညာတဲ့ အဆင့်၊ ဖြောင့်ဂုဏ်ဆိုတာ ကိုယ့်ကိုကိုယ် မလိမ်ညာတဲ့အဆင့်ဆိုတာ နားလည်စေချင်ပါတယ်။ မကောင်းတဲ့ အလုပ်တစ်ခု အမှားတစ်ခုလုပ်လိုက်လို့  သူတစ်ပါးကို မထိခိုက်ဘူး၊ သူတစ်ပါးကို မလိမ်ညာဘူးပဲထားစေဦး အရင်ဆုံးကတော့ မိမိကိုယ် တိုင် သိနေတာပါပဲ။ မိမိကိုကိုယ် မလိမ်ညာ မထိခိုက်မှ တစ်နည်း ဖြူစင်မှ ရိုးဂုဏ်ဖြောင့်ဂုဏ်နဲ့ ပြည့်စုံမှာဖြစ်တယ်။ သို့မှ စာရိတ္တသတ္တိပြည့်စုံပြီလို့ သတ်မှတ်နိုင်မှာပါ။ လူဆိုသည်မှာလည်း မိခင်ဝမ်းမှာ စတင်သန္ဓေတည်လျှင်တည်ခြင်း ဘ၀ကို တပ်မက်စွဲလန်းလိုချင်သော ဘ၀နိကန္တိကလောဘဇော ပထမဦးစွာဖြစ်ပါတယ်။ လောဘနဲ့ဘ၀ကို စတင်ခဲ့သော မိမိတို့က မိမိစိတ်ကိုမထိန်းပဲ လောဘနဲ့သာ နေသွားမယ်ဆိုရင် ဘယ်အရာပဲလုပ်လုပ် ငါ့အတွက်ကိုသာ ဦးတည်လာပါလိမ့်မယ်။

ငါ့အတွက်ကိုသာ ဦးတည်သူများဟာ သီလမှန်သမျှ၊ စာရိတ္တမှန်သမျှ၊ ရိုးသားမှုမှန်သမျှတွေဟာလည်း ပျောက်ကွယ်နေမှာ မလွဲပါဘူး။ မပျောက်ကွယ်စေလိုလျှင် ထိန်းသိမ်းမှ ရပါ့မယ်။ ဘယ်လိုထိန်းသိမ်းကြမလည်းဆိုရင် မိမိကိုယ်တိုင် အရင်ဆုံး ထိန်းသိမ်းကြရပါ့မယ်။ သူတစ်ပါးတွေကိုလည်း ထိန်းသိမ်းနိုင်အောင် ကြိုးစားရမယ်။ ဒီလိုသတ္တိတွေကို ပြည့်အောင် အနာဂတ်ရဲ့ ပုံရိပ်ကို ဖော်ဆောင်ကာ ကြိုးစားနေကြသော ရဟန်းရှင်လူများနှင့် ဒီလိုသတ္တတွေမှ အစပြု၍ ကြိုးစားအား ထုတ်နေကြသော စာသင်သားရဟန်းတော်များ၊ ကိုရင်များ၊ သီလရှင်ဆရာလေးများ၊ ညီငယ်ညီမငယ်များကို စားစရာ၊ ၀တ်စရာ၊ နေစရာ၊ ဆေးဝါး လေးပါးထွေရာကို တာဝန်သိသူများအတွက် ထမ်းရွက်ရမည်မှာ ဧကန်မုချပါပဲ။ ထမ်းရွက်နိုင် အောင်လည်း ကြိုးစားကြရမည်ဖြစ်ပါတယ်။

ဒီလိုသတ္တိတရားတွေ ပြည့်စုံလာစေချင်သော စေတနာ မေတ္တာများနှင့် ပထမအကြိမ်အဖြင့် ရွှေမင်းဝန်ကျောင်းတိုက်( အမှတ်-၃ လမ်းမကြီးဘေး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်) သို့ သီလရှင်ဆရာလေး ၂၅ ပါးအတွက် ဆွမ်းကိစ္စ ကြောင့်ကြမဲ့စွာ သုံးဆောင်နိုင်ရန်အတွက် ၁၁.၁၁.၂၀၀၉ (အမျိုးသားနေ့) မနက် (၁၀း၃၀) နာရီတွင် သွားရောက်လှူဒါန်းခဲ့ကြပါတယ်။

 အမောင်(ရေနံ့သာ)

ပစ္စည်းလေးပါးနှင့်ဝတ္တုငွေစာရင်း

 စဉ် လှူဒါန်းသည့်ပစ္စည်း ကုန်ကျငွေ
 1.  ပေါ်ဆန်းမွှေးအကောင်းစား (၂)အိတ်   (၂ *၂၈၀၀၀)  ၅၆၀၀၀ိ/ -ကျပ်
 2.  အမေထွားပဲဆီသန့် (၃)ပိဿာဗူးကြီး   (၁ * ၃၅၀၀)  ၁၀၅၀၀ိ/ -ကျပ်
 3.  ဆား (၃) ထုပ်   ( ၃ *၂၀၀)  ၆၀၀ိ/ ကျပ်
 4.  အချိုမှုန့် ပေါင်ထုတ်(၂) ထုပ်  (၂ * ၁၆၀၀)  ၃၂၀၀ိ/ -ကျပ်
 5.  ကြက်သွန်နီ (၁၀) ပိဿာ  (၁၀ * ၁၃၅၀)  ၁၃၅၀၀ိ/ -ကျပ်
 6.  ကြက်သွန်ဖြူ (၁) ပိဿာ  (၁ * ၂၉၀၀)  ၂၉၀၀ိ/ -ကျပ်
 7.  ငြုပ်တောင့် (၇၀) ကျပ်သား (၇ * ၄၀၀)  ၂၈၀၀ိ/ -ကျပ်
 8.  န၀ကမ္မ၀တ္ထုငွေ           ၂၉၀၀ိ/ -ကျပ်
 9.  ပစ္စည်းသယ်ရန် Taxi ခ ၅၅၀၀ိ/ -ကျပ်
  စုစုပေါင်းလှူဒါန်းခဲ့သည့်ငွေ ၁၀၀၀၀၀ိ/ -ကျပ်

 

လှူဒါန်းမှုမှတ်တမ်းဓါတ်ပုံများနှင့် ဘောင်ချာများ

+/-
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please input the anti-spam code that you can read in the image.
+/- Comments
Add New Search

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."